Skip to main content

မြန်မာနိုင်ငံ၌ ကျင့်သုံးလျက်ရှိသော စာရင်းအင်းစနစ်

မြန်မာနိုင်ငံ၌ ကျင့်သုံးလျက်ရှိသော စာရင်းအင်းစနစ်

၁။ မြန်မာနိုင်ငံ အမျိုးသားစာရင်းအင်းစနစ်တွင် စာရင်းအင်းများထုတ်ပြန်သော အစိုးရဌာန အဖွဲ့ အစည်းများအားလုံးပါဝင်သော ဗဟိုချုပ်ကိုင်မှုမှ လျှော့ချသည့် စာရင်းအင်းစနစ်ကို ကျင့်သုံးပါသည်။ ဆိုလိုသည်မှာ အစိုးရဌာနအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကတို့မှ တရားဝင်စာရင်းအင်းများကို အုပ်ချုပ်မှု ဆိုင်ရာမှတ်တမ်းများ (သို့မဟုတ်) မူလရင်းမြစ်များမှ တိုက်ရိုက်ကောက်ယူခြင်းဖြင့် လည်းကောင်း စာရင်းအင်းများ ကောက်ယူစုစည်းခြင်းဖြစ်ပါသည်။

၂။ ဗဟိုစာရင်းအင်းအဖွဲ့သည် ၁၉၅၂ ခုနှစ်တွင် ဗဟိုစာရင်းအင်းနှင့်စီးပွားရေးဌာနအဖြစ် ၁၉၅၂ ခုနှစ်၊ ဗဟိုစာရင်းစစ်တမ်းကောက်ယူရေး အာဏာပိုင်အက်ဥပဒေအမှတ် ၃၄ အရ စတင်ဖွဲ့စည်းခဲ့ပါသည်။ ဗဟိုစာရင်းအင်းနှင့် စီးပွားရေးဌာနအနေဖြင့် ၁၉၅၂ ခုနှစ်မှ ၁၉၆၇ ခုနှစ်အထိ စာရင်းအင်းစာစောင်များ ထုတ်ပြန်ခြင်းနှင့် တစ်မျိုးသားလုံးဝင်ငွေ တွက်ချက်ခြင်းတို့ကိုဆောင်ရွက်ခဲ့ပါသည်။ ဗဟိုစာရင်းအင်းနှင့် စီးပွားရေး ဌာနကို စာရင်းအင်းလုပ်ငန်းများ ယခင်ထက် ပိုမိုကျယ်ပြန့်စွာ ဆောင်ရွွက်နိုင်ရန်အတွက် ၁၉၇၄ ခုနှစ် တွင် ဗဟိုစာရင်းအင်းအဖွဲ့အဖြစ်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၅၂ ခုနှစ်၊ ဗဟိုစာရင်းစစ်တမ်းကောက်ယူရေး အာဏာပိုင်အက်ဥပဒေအမှတ် ၃၄ ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ထုတ်ပြန်သော ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁/၂၀၁၈ အရ စာရင်းအင်းဥပဒေ အသစ်ဖြင့် အစားထိုးပြဋ္ဌာန်းခဲ့ပါသည်။

ရည်ရွယ်ချက်များမှာ-

(က) တိကျမှန်ကန်၍ အရည်အသွေးပြည့်ဝပြီး ယုံကြည်စိတ်ချရသော စာရင်းအင်းများကို အချိန် နှင့်တစ်ပြေးညီ ပြုစုပံ့ပိုးနိုင်သည့် မြန်မာနိုင်ငံအမျိုးသားစာရင်းအင်း စနစ်ပေါ်ပေါက် စေရန်၊

(ခ) မြန်မာနိုင်ငံအမျိုးသားစာရင်းအင်းစနစ် ဖွံ့ဖြိုးတိုးတက်စေရန်၊

(ဂ) တိကျမှန်ကန်၍ အရည်အသွေးပြည့်ဝသည့် စာရင်းအင်းများရရှိခြင်းဖြင့် မူဝါဒနှင့် စီမံကိန်း များရေးဆွဲရာတွင်လည်းကောင်း၊ လုပ်ငန်းများကို စောင့်ကြပ်ကြည့်ရှု အကဲဖြတ်ရာတွင် လည်းကောင်း၊ သယံဇာတများ ခွဲဝေအသုံးပြုရာတွင် လည်းကောင်း၊ သုတေသနနှင့် ဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း အထောက်အကူပြုစေရန်၊

(ဃ) စာရင်းအင်းနှင့်သက်ဆိုင်သောဌာန၊ အဖွဲ့အစည်းများအကြားထိရောက် မြန်ဆန်စွာ ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်မှုများ ပိုမိုအားကောင်းစေရန်နှင့် လွယ်ကူချောမွေ့စေရန်၊

(င) အရည်အသွေးပြည့်ဝပြီး တိကျမှန်ကန်သည့် စာရင်းအင်းများကို ရရှိအသုံးပြုနိုင်ခြင်း အားဖြင့် အစိုးရနှင့် ပြည်သူတို့အကြား၊ နိုင်ငံတကာ အသိုင်းအဝိုင်းများအကြား ယုံကြည်မှု တိုးမြှင့် စေရန်။

၃။ ဗဟိုစာရင်းအင်းအဖွဲ့ကို စီးပွားရေးစာရင်းအင်းဌာနခွဲ၊ လူမှုရေးစာရင်းအင်းဌာနခွဲ၊ ကုန်သွယ်မှုစာရင်းအင်းဌာနခွဲ၊ စီမံရေးရာနှင့်ကွန်ပျူတာဌာနခွဲ၊ စစ်တမ်းနှင့်သုတေသန စာရင်းအင်းဌာနခွဲနှင့် နယ်ရုံးဌာနခွဲဟူ၍ ဌာနခွဲ (၆) ခုအနေဖြင့် ဖွဲ့စည်းထားပါသည်။

စာရင်းအင်းဆိုင်ရာ စာစောင်များ/စာအုပ်များထုတ်ဝေခြင်း

၄။ စာရင်းအင်းအက်ဥပဒေ၏ လုပ်ပိုင်ခွင့်များအရ ဗဟိုစာရင်းအင်းအဖွဲ့သည် အောက်ပါ စာအုပ်များကို ပုံမှန်ထုတ်ဝေလျက်ရှိပါသည်။

နှစ်စဉ်မြန်မာစာရင်းအင်းစာစောင်

နှစ်စဉ်မြန်မာစာရင်းအင်းစာစောင်သည် ရာသီဥတုစာရင်းအင်းများ၊ လူဦးရေစာရင်းအင်းများ၊ အလုပ်သမားနှင့် လုပ်ငန်းစာရင်းအင်းများ၊ ဖွားသေနှင့်ကျန်းမာရေးစာရင်းအင်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း စာရင်းအင်းများ၊ သစ်တော၊ စက်မှု၊ သတ္တုနှင့် စွမ်းအင်စာရင်းအင်းများ၊ ဆောက်လုပ်ရေး စာရင်းအင်းများ၊ ကမ်းရိုးတန်းကုန်သွယ်မှုစာရင်းအင်းများ၊ ပြည်ပကုန်သွယ်မှု စာရင်းအင်းများ၊ စျေးနှုန်းနှင့် ပြည်တွင်းကုန်သွယ် ရေးစာရင်းအင်းများ၊ ကုမ္ပဏီများနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စာရင်းအင်းများ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး စာရင်းအင်းများ၊ တမျိုးသားလုံးဆိုင်ရာ စာရင်းအင်းများ၊ ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေးစာရင်းအင်းများ၊ ပြည်သူ့ ဘဏ္ဍာရေးစာရင်းအင်းများ၊ ပညာရေး၊ ပြစ်မှု၊ လူထုဆက်သွယ်ရေး၊ ခရီးသွားလုပ်ငန်းများ၊ အခြားလူမှုရေး စာရင်းအင်းများ၊ မြန်မာစီးပွားရေးစစ်တမ်း (၂၀၁၅) နှင့် အိမ်ထောင်စုအသုံးစရိတ် စာရင်းအင်း အချက်အလက်များကို time series ဖော်ပြထားသည့် နိုင်ငံတော်ဆိုင်ရာ စာရင်းအင်းအချက်အလက်များ ပါဝင်သည့် စာအုပ် တစ်အုပ် ဖြစ်ပါသည်။

သုံးလပတ် စာရင်းအင်းစာစောင်

သုံးလပတ် စာရင်းအင်းစာစောင်တွင် ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး၊ ပြည်သူပိုင်ကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍတို့တွင်ပါဝင်သော ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ စားသုံး သူဈေးဆနှုန်းကိန်း၊ ငွေကြေးဖောင်းပွမှုနှုန်း၊ ကုန်စည်များ၏ဈေးနှုန်းများ၊ ရင်းနှီးမြှုပ်နှံမှု၊ ငွေရေးကြေးရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ကမ္ဘာလှည့် ခရီးသွားလာရေးနှင့် လုပ်သားနှင့် အလုပ်အကိုင်ရရှိရေးဆိုင်ရာ စာရင်းအင်းများကို သုံးလပတ်အလိုက်နှိုင်းယှဉ်ဖော်ပြထားပါသည်။ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ထုတ်ပြန်ခဲ့ပါသည်။

လစဉ်စီးပွားရေးအညွှန်းကိန်း စာစောင်

လစဉ်စီးပွားရေးအညွှန်းကိန်းစာစောင်တွင် ပြည်ပကုန်သွယ်မှု၊ ထုတ်လုပ်မှု၊ စျေးနှုန်း၊ ဘဏ္ဍာရေး၊ ရင်းနှီးမြှုပ်နှံမှု၊ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာမှု၊ လုပ်သားနှင့် အလုပ်အကိုင် ရရှိရေးဆိုင်ရာ စာရင်းအင်း များပါဝင်ပါသည်။

မြန်မာလယ်ယာ စာရင်းအင်းစာစောင်(၁၉၉၇- ၁၉၉၈ မှ ၂၀၀၉- ၂၀၁၀)

မြန်မာလယ်ယာ စာရင်းအင်းစာစောင်ကို လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းထုတ်ဝေခြင်း ဖြစ်ပါသည်။ စီးပွားရေးဦးတည်ချက်ကို ပြည့်မီစေရန်အရေးကြီးပြီး လိုအပ် သော စိုက်ပျိုးရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များကို နှစ်အလိုက်ဖော်ပြပေးထားပါသည်။

သားငါး စာရင်းအင်းစာစောင်( ၂၀၀၈- ၂၀၀၉)

သားငါး စာရင်းအင်းများကို မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနနှင့် ပူးပေါင်းထုတ်ဝေခြင်း ဖြစ်ပါ သည်။ မွေးမြူရေးနှင့် ရေလုပ်ငန်းများ၏ နှစ်အလိုက်အခြေအနေကို ညွှန်ပြနေသော အသေးစိတ် စာရင်းအင်း အချက်အလက်များ ပါဝင်ပါသည်။

မြန်မာသစ်တော စာရင်းအင်းစာစောင်(၂၀၀၁- ၂၀၀၂ မှ ၂၀၁၀- ၂၀၁၁)

သစ်တောစာရင်းအင်းများကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန နှင့်ပူးပေါင်း ထုတ်ဝေခြင်းဖြစ်ပါသည်။ သစ်တောစာရင်းအင်းများနှင့် သက်ဆိုင်သော အသေးစိတ် အချက်အလက်များ ပါဝင်သည့်အပြင် သစ်တောများ၏ အခန်းကဏ္ဍအရေးပါပုံကိုလည်း ဖော်ပြထား ပါသည်။

မြန်မာလယ်ယာ စာရင်းအင်းစာစောင်(၂၀၀၆- ၂၀၀၇ မှ ၂၀၁၅- ၂၀၁၆)

မြန်မာလယ်ယာ စာရင်းအင်းစာစောင်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်းထုတ်ဝေခြင်း ဖြစ်ပါ သည်။ လူဦးရေ၊ ရာသီဥတုနှင့် မြေယာစာရင်း၊ လယ်ယာ သားငါး သစ်တောဆိုင်ရာစာရင်းနှင့် ပတ်သက်သည့် သွင်းအားစု၊ ထုတ်လုပ်မှုနှင့် ပို့ကုန်၊ သွင်းကုန် အခြေအနေစသည့် အသေးစိတ် အချက်အလက်များပါဝင်သည်။

မွေးဖွားမှုနှင့် သေဆုံးမှု စာရင်းအင်းစာစောင်

ဖွားသေစာရင်းအင်းစာစောင်တွင် အရှင်မွေးဖွားနှုန်း၊ အသေမွေးဖွားနှုန်း၊ သေဆုံးမှုနှုန်း၊ တစ်နှစ်အောက် ကလေးသေဆုံးမှုနှုန်း၊ ငါးနှစ်အောက်ကလေးသေဆုံးမှုနှုန်း၊ သားဖွားမိခင် သေဆုံးမှုနှုန်း၊ ရောဂါအလိုက် သေဆုံးမှုနှင့် လူ၏မျှော်မှန်း သက်တမ်းကို မြို့နယ်အလိုက် မြို့ပြနှင့် ကျေးလက်အလိုက် ဖော်ပြထားပါသည်။

အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်း

အိမ်ထောင်စု၀င်ငွေနှင့် စားသုံးမှုစစ်တမ်းကို ပြည်နယ်/ တိုင်းဒေသကြီးအလိုက်၊ မြို့နယ် အလိုက်၊ မြို့မ/ကျေးလက် ခွဲခြား၍ အိမ်ထောင်စုများ၏ စားသုံးမှုပုံစံနှင့် စားသုံးမှုစရိတ် ပြောင်းလဲမှုကို လေ့လာသိရှိရန်၊ စားသုံးသူစျေးဆနှုန်း (Consumer Price Index) တွက်ချက်ရန် လိုအပ်သော အလေးပေးမှု ပုံစံကိုရရှိရန်၊ နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး အခြေအနေကို လေ့လာသုံးသပ်နိုင်ရန်အတွက် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ညွှန်ကိန်းများ ထုတ်ပြန်၍ တင်ပြနိုင်ရန်တို့အတွက် ကောက်ယူရခြင်း ဖြစ်ပါသည်။

အပူပိုင်းဒေသကျေးရွာများ၏စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေစစ်တမ်း

အပူပိုင်းဒေသ ကျေးရွာများ၏ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ စစ်တမ်းကို ကျေးရွာများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အခြေအနေများ ဖွံ့ဖြိုးတိုးတက်မှုကို ယခင်စစ်တမ်းနှင့် နှိုင်းယှဉ် ဆန်းစစ်နိုင်ရန်၊ ဆင်းရဲနွမ်းပါးမှု (Poverty) အခြေအနေကို ယခင်စစ်တမ်းထက် လျော့ကျမှုရှိ၊ မရှိကို တိုင်းတာနိုင်ရန်၊ ကျေးရွာများ၏ အခြေအနေကို တိုင်းတာသည့် ညွှန်ကိန်း (Indicators) များကို တွက်ချက်၍ နှိုင်းယှဉ်လေ့လာရန်တို့အတွက် ကောက်ယူရခြင်း ဖြစ်ပါသည်။

အိမ်ထောင်စုတစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းစစ်တမ်း

အိမ်ထောင်စု တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းစစ်တမ်းကို တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက်၊ မြို့နယ်အလိုက်၊ မြို့ပြ/ကျေးလက် ခွဲခြား၍ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ အခြေအနေကို သိရှိနိုင်ရန်၊အိမ်ထောင်စု တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ (Informal Sector Business) ၏ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုးများမှတစ်ဆင့် တစ်မျိုးသားလုံး၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး ခန့်မှန်းရာတွင် ပိုမိုပြည့်စုံစေရန်၊ နိုင်ငံ တကာနည်းတူ တစ်မျိုးသားလုံး၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုး များကို 1993 / 2008 SNA စနစ်ဖြင့် တွက်ချက်ရာတွင် လိုအပ်သည့် အထောက်အကူပြု စာရင်းများ ရရှိရန်တို့အတွက် ကောက်ယူရခြင်း ဖြစ်ပါသည်။

မြန်မာစီးပွားရေးလုပ်ငန်းစစ်တမ်း(၂၀၁၅)

မြန်မာစီးပွားရေးလုပ်ငန်းစစ်တမ်း(၂၀၁၅)ကို မြန်မာနိုင်ငံ၏ ပုဂ္ဂလိကဏ္ဍနှင့် သက်ဆိုင်သော စီးပွားရေး စာရင်းအင်းများကို ပြည့်စုံစွာ ပံ့ပိုးပေးနိုင်ရန်၊ အစိုးရ၏ မူဝါဒချမှတ် သူများနှင့် အစိုးရမဟုတ်သော ပါဝင်ပတ်သက်သူများ အားလုံးကို သတင်းအချက်အလက်များ အားလုံးပံ့ပိုးပေးနိုင်ရန်၊ အမျိုးသားစာရင်း တွက်ချက်ရာတွင် အဓိက ကျသော အချက်အလက် ရင်းမြစ်တစ်ခု ရရှိစေရန်တို့အတွက် ကောက်ယူရခြင်းဖြစ်ပါသည်။

မြန်မာနေထိုင်မှုအခြေအနေစစ်တမ်း(၂၀၁၇)

မြန်မာနေထိုင်မှုအခြေအနေစစ်တမ်းကို တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆင်းရဲနွမ်းပါးမှုနှင့် နေထိုင်မှုအခြေအနေကိုသိရှိနိုင်ရန်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် (Sustainable Development Goals - SDGs) အတွက် လိုအပ်သော ကိန်းဂဏန်း အချက်အလက်များ၊ ညွှန်ကိန်းများရရှိနိုင်ရန်၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက်၊ မြို့နယ် အလိုက်၊ မြို့မ/ကျေးလက်ခွဲခြား၍ စားသုံးသူစျေးဆနှုန်း (Consumer Price Index-CPI) တွက်ချက်ရာတွင် အထောက်အကူပြုနိုင်ရန်၊ အမျိုးသားစာရင်းစနစ် (System of National Accounts - SNA) တွက်ချက်ရာတွင်စားသုံးမှုကုန်ကျစရိတ်ကိုခန့်မှန်းနိုင်ရန်တို့အတွက် ကောက်ယူရခြင်းဖြစ်ပါသည်။ ၎င်းစစ်တမ်းကို(၅)နှစ်လျှင်တစ်ကြိမ်ကောက်ယူမည်ဖြစ်ပါသည်။

အမျိုးသားအဆင့် သေဆုံးမှုဆိုင်ရာစစ်တမ်း

တစ်နှစ်အောက်ကလေး၊ ငါးနှစ်အောက်ကလေးနှင့် မိခင်သေဆုံးမှုနှုန်းကို တိုင်းတာနိုင်ရန် ဤစစ်တမ်းကို ဆယ်နှစ်တစ်ကြိမ်ကောက်ယူပါသည်။ ဤစစ်တမ်းမှ ကျေးလက်နှင့် မြို့ပြတွင်နေထိုင်သူ ကျား/မတို့၏ မွေးဖွားမှု/သေဆုံးမှုဆိုင်ရာ အချက်အလက်များကို ဖော်ပြပေးပါသည်။

အထူးစစ်တမ်းများ

အထူးစစ်တမ်းများ ဖြစ်သည့် ပုဂ္ဂလိကစက်မှုလုပ်ငန်းများ၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ခြင်းလုပ်ငန်း၊ အိမ်ထောင်စုဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးအသုံးစရိတ်၊ ကလေးများနှင့် အမျိုးသမီးများ၊ မွေးဖွားမှုနှင့် သေဆုံးမှုတို့နှင့်စပ်လျဉ်းသော မှတ်ပုံတင်ခြင်း ပြည့်စုံမှုစစ်တမ်း၊ လက်လီနှင့် လက်ကားစျေးနှုန်းစစ်တမ်း အစရှိသည့် စစ်တမ်းများကိုလည်း အစီရင်ခံတင်ပြ လျက်ရှိပါသည်။

၅။ အထက်တွင်ဖော်ပြထားသော စာရင်းအင်းဆိုင်ရာလုပ်ငန်းများအပြင် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ကောက်ယူသော လယ်ယာသန်းခေါင်စာရင်း၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ကောက်ယူသော Integrated Household Living Condition Assessment Survey (IHLCA)နှင့် စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စာရင်းအင်းဌာနမှ ကောက်ယူ သော Multiple Indicators Cluster Survey ကဲ့သို့သော တစ်နိုင်ငံလုံးအနှံ့ သန်းခေါင်စာရင်းနှင့် စစ်တမ်းများကို ၎င်းတို့စာရင်းအင်း လိုအပ်ချက်များအရ အစိုးရဌာနဆိုင်ရာများမှ တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ လူဦးရေသန်းခေါင်စာရင်းများကို ၁၉၇၃ ခုနှစ်မှစ၍ ပြည်သူ့အင်အားဦးစီးဌာနမှ ကောက်ယူခဲ့ပါသည်။

၆။ မြန်မာစာရင်းအင်းစာစောင်များ၏ အီလက်ထရွန်နစ်သုံးပုံစံ (CD Product) ကိုလည်း ၁၉၉၈ ခုနှစ် မှ စတင်၍ရရှိနိုင်ပါသည်။ CD-ROM သည် မြန်မာနိုင်ငံ၏ လူမှုစီးပွားအချက်အလက်များကို အချိန်ကိန်းစဉ်အလိုက် ကွန်ပျူတာမှ ပြန်လည်ထုတ်ယူ အသုံးပြုလိုသည်ဖြစ်စေ၊ Print ထုတ်လို သည်ဖြစ်စေ အသုံးပြုသူ လွယ်ကူစေရန် Web Interface System ဖြင့် ထုတ်လုပ်ထားပါသည်။ ထို့အပြင် အချက်အလက်များကို Excel ပုံစံဖြင့်လည်း ပိုမိုလွယ်ကူစွာ လေ့လာနိုင်ရန် တင်ပြထားပါသည်။

၇။ စာရင်းအင်းဆိုင်ရာ အချက်အလက်များအား ပြည်သူများ အချိန်နှင့် တပြေးညီကြည့်ရှုနိုင်ရန် စာရင်းအင်းဆိုင်ရာ Database တစ်ခုတည်ဆောက်ပြီး www.mmsis.gov.mm မှတဆင့် လွှင့်တင် ထားပါသည်။