Skip to main content

ရည်မှန်းချက်၊ မျှော်မှန်းချက်

ရည်မှန်းချက် (Vision)

စာရင်းအင်းအရည်အသွေး ပြည့်ဝစေရေးနှင့်စာရင်းအင်းစနစ် ပြည့်စုံတိကျမှန်ကန်စေရေးအတွက် လူမှု-စီးပွားရေးဆိုင်ရာ အချက်အလက်များ၊ ညွှန်ကိန်းများကို ပြည့်စုံအောင် တွက်ချက်ဆောင်ရွက်နိုင်သည့် အမျိုးသားစာရင်းအင်းစနစ် ပေါ်ပေါက်လာစေရန်။

မူဝါဒ (Statistical Policy)

အမျိုးသားစာရင်းအင်းဆိုင်ရာမူဝါဒမှာအောက်ပါအတိုင်းဖြစ်ပါသည်-

(က) စာရင်းအင်း အရည်အသွေး ပြည့်ဝစေရေးနှင့် စာရင်းအင်းစနစ် ပြည့်စုံတိကျ မှန်ကန်စေရေးအတွက် လူမှု-စီးပွားရေးဆိုင်ရာ အချက်အလက်များ၊ ညွှန်ကိန်းများကို ပြည့်စုံအောင် တွက်ချက်ဆောင်ရွက်နိုင်သည့် မြန်မာနိုင်ငံ အမျိုးသားစာရင်းအင်းစနစ် ပေါ်ပေါက်လာစေရန်၊

(ခ) အစိုးရဌာန၊ သမဝါယမ၊ ပုဂ္ဂလိကအဖွဲ့အစည်းနှင့် ပုဂ္ဂလိကလုပ်ငန်းအားလုံးမှ တစ်မျိုးသားလုံး၏ စာရင်းအင်းအား ခြုံငုံသည့် လိုအပ်သော စာရင်းအင်းများကို ပံ့ပိုးမှုရရှိနိုင်ရန်၊

(ဂ) အကျိုးသက်ရောက်မှုရှိပြီး နိုင်ငံတော်အစိုးရနှင့် အများပြည်သူတို့ အသုံးပြုနိုင်ရန်အတွက် စာရင်းအင်းဆိုင်ရာလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စေရန်၊

(ဃ) စာရင်းအင်းနှင့် သက်ဆိုင်သောဌာနများ/အဖွဲ့အစည်းများအကြား ထိရောက်မြန်ဆန်စွာ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုများ ပိုမိုအားကောင်းစေရန်၊

(င) အရည်အသွေးပြည့်ဝပြီး တိကျမှန်ကန်သည့် စာရင်းအင်းများကို ရရှိအသုံးပြုနိုင်ခြင်းအားဖြင့် အစိုးရနှင့် ပြည်သူများအကြား၊ နိုင်ငံတကာ အသိုင်းအဝိုင်းများအကြား ယုံကြည်မှု တိုးမြှင့်စေရန်၊

(စ) အသစ်ပြဋ္ဌာန်းသည့် မြန်မာနိုင်ငံစာရင်းအင်းဥပဒေနှင့်အညီ အာဏာသက်ရောက်မှု ကျယ်ပြန့်ထိရောက်လာစေရန်နှင့် အဆိုပါစာရင်းအင်း ဥပဒေအရ ယုံကြည်ကိုးစားနိုင်သော၊ ခိုင်မာ၍ အရည်အသွေးရှိသော စာရင်းအင်းများကို အချိန်နှင့်တစ်ပြေးညီ စုစည်းကောက်ယူနိုင်ရန် စာရင်းအင်း ဆိုင်ရာဖွံ့ဖြိုးမှု အမျိုးသားအဆင့်မဟာဗျူဟာ (National Strategy for Development of Statistics-NSDS) ဖော်ဆောင်၍ အကောင်အထည် ဖော်ဆောင်သွားမည့် လုပ်ငန်းများကျယ်ပြန့်စွာ တိုးမြှင့်အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်တို့ဖြစ်ပါသည်။

ဗဟိုစာရင်းအင်းအဖွဲ့၏လုပ်ငန်းတာဝန်များ (Mission of Central Statistical Organization)

(က) အသစ်ပြဋ္ဌာန်းသည့် မြန်မာနိုင်ငံ စာရင်းအင်းဥပဒေနှင့်အညီ အာဏာသက်ရောက်မှု ကျယ်ပြန့်ထိရောက်လာစေရန်နှင့် အဆိုပါ စာရင်းအင်းဥပဒေအရ ယုံကြည်ကိုးစားနိုင်သော၊ ခိုင်မာ၍ အရည်အသွေးရှိသော စာရင်းအင်းများကို အချိန်နှင့်တစ်ပြေးညီ စုစည်းကောက်ယူနိုင်ရန် စာရင်းအင်းဆိုင်ရာ ဖွံ့ဖြိုးမှု အမျိုးသားအဆင့်မဟာဗျူဟာ (National Strategy for Development of Statistics-NSDS) ဖော်ဆောင်၍ အကောင်အထည် ဖော်ဆောင်သွားမည့် လုပ်ငန်းများကျယ်ပြန့်စွာ တိုးမြှင့်အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်၊

(ခ) မြန်မာနိုင်ငံအမျိုးသား စာရင်းအင်းစနစ် ပေါ်ပေါက်နိုင်စေရေးအတွက် တရားဝင် စာရင်းအင်းများနှင့် သက်ဆိုင်သော နှစ်စဉ်စာရင်းအင်းဆိုင်ရာ လုပ်ငန်းစဉ်နှင့်ကာလတို၊ ကာလရှည်စီမံချက်များရေးဆွဲ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ပါဝင်ပတ်သက်သူများအား ပေါင်းစပ်ညှိနှိုင်းရန်၊

(ဂ) စာရင်းအင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသော အခြေခံစည်းမျဉ်းများနှင့်အညီ စာရင်းအင်းဆိုင်ရာစံနှုန်းများ သတ်မှတ်နိုင်စေရေးနှင့် အဆိုပါ စံနှုန်းများ ကိုက်ညီစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊

(ဃ) သတ်မှတ်ထားသော စံနှုန်းများနှင့် ကိုက်ညီသောစာရင်းအင်းများ ပြုစုရာတွင် မြန်မာနိုင်ငံ အမျိုးသားစာရင်းအင်းစနစ်တွင် ပါဝင်ကြသည့် အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ဆောင်ရွက်ထားသည့် စာရင်းအင်းဆိုင်ရာ လုပ်ငန်းစဉ်များအား လေ့လာစိစစ် အကဲဖြတ်ရန်၊

(င) စာရင်းအင်း ရလဒ်များကို မှားယွင်းဖော်ပြခြင်းမှ ရှောင်ရှားနိုင်ရေးအတွက် စာရင်းအင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် သက်ဆိုင်သည့်နည်းပညာဆိုင်ရာ အကူအညီနှင့်စပ်လျဉ်း၍သက်ဆိုင်ရာအချက်အလက်ပြုစုထုတ်ပြန်သူများ၊ စာရင်းအင်းဆိုင်ရာအချက်အလက်သုံးစွဲသူများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လိုအပ်သလို ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်၊

(စ) တရားဝင်စာရင်းအင်းများနှင့် သက်ဆိုင်သော လုပ်ငန်းအစီအစဉ်များနှင့်အညီ မူလစာရင်းအင်းအချက်အလက်များ ကောက်ယူခြင်း၊ လူမှုစီးပွားဆိုင်ရာ စစ်တမ်းများကောက်ယူရန် မြန်မာနိုင်ငံ အမျိုးသားစာရင်းအင်းစနစ်တွင် ပါဝင်ကြသော အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်ရန်၊

(ဆ) ဗဟိုစာရင်းအင်းအဖွဲ့သည် စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးဗဟိုကော်မတီ၏ အတွင်းရေးမှူးရုံး(Secretariat) အဖြစ် ဆောင်ရွက်ရန်၊

(ဇ) အမျိုးသားစာရင်းအင်းစနစ်၏ တရားဝင်စာရင်းအင်းများနှင့် သက်ဆိုင်သောအစီအစဉ်နှင့် စာရင်းအင်းအချက်အလက်များကို ဖြန့်ဝေခြင်း၊ စီမံချက်များ ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့ကို လေ့လာစိစစ် ကြီးကြပ်ရန်၊

(စျ) အရည်အသွေးပြည့်ဝ၍ တိကျမှန်ကန်သော စာရင်းအင်းကိန်းဂဏန်း အချက်အလက်များအား ကောက်ယူစုစည်းနိုင်ရန်အတွက် တိုင်းဒေသကြီး၊ ပြည်နယ်များ၊ ခရိုင်များ၊ မြို့နယ်များတွင် ဗဟိုစာရင်းအင်းအဖွဲ့ရုံးခွဲများ ဖွင့်လှစ်ဆောင်ရွက်ရန် ၊ ၎င်းရုံးခွဲများအကြား စာရင်းအင်းအချက်အလက် ပေးပို့ရန်ကွန်ရက် (Data Communication Network) ချိတ်ဆက်ဆောင်ရွက်ခြင်းနှင့် စုစည်းထိန်းသိမ်းထားရှိရန်၊

(ည) တရားဝင်စာရင်းအင်းများနှင့် သက်ဆိုင်သည့် စာရင်းအင်းလုပ်ငန်းစဉ်များကို ပြည်ထောင်စုအဆင့်၊ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ရှိ အမျိုးသားစာရင်းအင်းစနစ်တွင် ပါဝင်ပတ်သက်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊

(ဋ) ဗဟိုစာရင်းအင်းအဖွဲ့မှ စာရင်းအင်းဆိုင်ရာအချက်အလက်များကို အီလက်ထရွန်နစ် အချက်အလက် ဝန်ဆောင်မှုစနစ် ထူထောင်ခြင်းနှင့် လျှို့ဝှက်ကိစ္စရပ်မှအပ ထုတ်ပြန်သင့်သည့် စာရင်းအင်းများအား ဖြန့်ဝေရန်၊ တရားဝင်စာရင်းအင်းများနှင့် သက်ဆိုင်သော လုပ်ငန်းအစီအစဉ်၏ စာရင်းအင်းအချက်အလက် ဖြန့်ဝေရန်၊ စီမံချက်နှင့်အညီ စာရင်းအင်း အချက်အလက်များအားလုံးကို သတင်းကဏ္ဍမျိုးစုံမှတစ်ဆင့် ဖြန့်ဝေခြင်းတို့ကို ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊

(ဌ) စာရင်းအင်းများပြုစုရာတွင် စာရင်းအင်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် အရည်အသွေးကို မြှင့်တင်ရန် သင်ရိုးညွှန်းတမ်း ရေးဆွဲဆောင်ရွက်ခြင်း၊ စာရင်းအင်းနည်းပညာ ဖွံ့ဖြိုးရေးသင်တန်းများ ဖွင့်လှစ်ရန်၊၊

(ဍ) မြန်မာအမျိုးသားစာရင်းအင်းစနစ်တွင် ပါဝင်သော အချက်အလက်များအား နည်းလမ်းတကျဖြင့် ခွဲခြမ်းစိတ်ဖြာသုံးသပ်သော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုတေသနများဆောင်ရွက်ခြင်း၊ စာရင်းအင်းထုတ်ပြန်မှု အရည်အသွေးကို အကဲဖြတ်ခြင်း၊ လေ့လာစိစစ်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်းများ ဆောင်ရွက်ရန်၊

(ဎ) စာရင်းအင်းဆိုင်ရာကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ခေတ်နှင့်လျော်ညီသည့် လိုအပ်ချက်အပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊

(ဏ) ခေတ်မီစာရင်းအင်းနည်းပညာများ အသုံးပြုနိုင်ရေး၊ ခေတ်မီစာရင်းအင်းဆိုင်ရာ ဆော့(ဖ်)ဝဲများ အသုံးချနိုင်ရေးနှင့် စာရင်းအင်းဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းများသို့ ဖြန့်ဝေပေးရန်၊

(တ) မူဝါဒချမှတ်သူများ၊ စီမံကိန်းရေးဆွဲသူများ၊ သုတေသနပြုသူများနှင့် အခြားစာရင်းအင်း အသုံးပြုသူများအတွက် စာရင်းအင်းဆိုင်ရာ စာစောင်များကို ထုတ်ဝေရန်။